7 Chakra စွမ်းအင်မြှင့်ကျောက်မျက်များ

Crystal healing ကို စိတ်ဝင်စားသူများအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်တွေပြုလုပ်ရာမှာ သဘာဝကျောက်မျက် စွမ်းအင်များကို အသုံးချလို့ရပါတယ်။

လူ့ရဲ့ ခန္တာကိုယ်မှာ အသက်ဓာတ်စွမ်းအင် Energy ထုတ်လွှင့်ပေးတဲ့ အဓိကချက်ကရာ (Chakra) ခုနှစ်နေရာရှိပါတယ်။ Human energy တွေဟာ ကျောရိုးမကြီးတစ်လျှောက်ကနေ ဦးခေါင်းထိ ချက်ကရာတစ်ခုကနေ တစ်ခုဆက်သွယ် စီးဆင်း‌နေပါတယ်။ ချက်ကရာနေရာလေးတွေဟာ ခန္တာကိုယ်ရဲ့ ခုခံနိုင်စွမ်း၊ စိတ်ခံစားမှု၊ ထိုးထွင်းသိမြင်နိုင်မှုနဲ့ မသိစိတ်တွေကိုပါ ဆက်သွယ်ပေးနေတဲ့ focal point လေးတွေ ဖြစ်ပါတယ်။

ချက်ကရာကျင့်စဥ်ဟာ အိန္ဒိယမှာ စတင်ထွန်းကားခဲ့ပြီး ကမ္ဘာ့နိုင်ငံအနှံအပြားမှ ယုံကြည်ကျင့်သုံးလျက်ရှိပါတယ်။ ချက်ကရာပွိုင့်တွေမှာ စွမ်းအင်ကြိမ်နှုန်းကိုယ်စီရှိကြပါတယ်။ ချက်ကရာစွမ်းအင်တွေ အားကောင်းလာဖို့ ယောဂကျင့်စဉ်တွေ၊ meditation တွေ၊ အာဟာရကုထုံး အသံကုထုံးတွေ၊ အရောင်ကုထုံး၊ ကျောက်မျက်ကုထုံးတွေကို ပြုလုပ်ကြပါတယ်။

၁။ Root/base Chakra (အနီရောင်) ❤

ကျောရိုးမကြီးရဲ့ အောက်ခြေအစ၊ ဆီးခုံ၊ မြီးညှောင်ဆုံ နေရာဖြစ်ပါတယ်။ ဒီချက်ကရာလေး ပွင့်သွားမယ်ဆိုရင် ကြောက်ရွံ့မှုတွေ၊ မလုံခြုံဘူးလို့ ခံစားရတဲ့ခံစားချက်တွေက‌နေ ကင်းဝေးစေပါတယ်။ Root Chakra လုပ်ငန်းစဉ်တွေအတွက် ဂါးနက်အနီ၊ ရေသံ၊ သန္တာ၊ အနီရောင် ဂျက်စပါ၊ ပတ္တမြား၊ မဟူရာကျောက် တို့ကို အသုံးပြုပါတယ်။

၂။ Sacral Chakra (လိမ္မော်ရောင်) 🧡

ဆီးခုံရိုးအထက်နဲ့ ဝမ်းဗိုက်အောက်ပိုင်း အကြား၊ တင်ပါးဆုံရိုး၊ မျိုးပွားအင်္ဂါ၊ ခန္ဓာကိုယ်တွင်း အရည်အိတ်တွေ၊ ဂလင်းတွေနဲ့ သက်ဆိုင်ပါတယ်။ အာရုံငါးပါးခံစားမှု၊ လိင်မှုကိစ္စ၊ တီထွင်ဖန်တီးနိုင်မှု (creativity)တို့နဲ့ ပတ်သတ်ပါတယ်။ Sacral Chakra ကို အထောက်အကူပြုတာတော့ကာနယ်လီယန်(Canelian)၊ လိမ္မော်ရောင် Spessartine garnet၊ Orange spinel စသဖြင့် လိမ္မော်ရောင်ရှိသည့် ကျောက်များပဲ ဖြစ်ပါတယ်။

၃။ Solar Plexus Chakra (အဝါရောင်) 💛

ချက်အပေါ် ရှိ ဝမ်းဗိုက်အထက်ပိုင်း၊ အစာအိမ်၊ အသည်း၊ သည်းခြေတို့နဲ့ ဆက်စပ်နေတဲ့နေရာ ဖြစ်ပါတယ်။ အစာခြေစနစ်ကောင်းမွန်ပြီး ဝမ်းအတွင်း သက်တောင့်သက်သာရှိစေဖို့၊ မိမိကိုယ်ကို ယုံကြည်မှု၊ လေးစားမှု (self esteemed) တိုးတက်စေဖို့၊ မိမိဘဝကို မိမိပဲ့ကိုင်ထိန်းကျောင်းနိုင်ဖို့ အကူအညီပေးပါတယ်။ အဝါရောင်ရှိတဲ့ စလင်းဝါ (citrine)၊ ကျားမျက်လုံး၊ Yellow topas (ဥဿဖရား အဝါရောင်) စသဖြင့် အသုံးပြုနိုင်ပါတယ်။

၄။ Heart Chakra (အစိမ်းရောင်/ ပန်းရောင်) 💚

ရင်ခေါင်းနေရာ ဖြစ်ပါတယ်၊ နှလုံးရယ်၊ သွေးလည်ပတ်မှုရယ်နဲ့ ဆိုင်ပါတယ်။ စိတ်နှလုံးသားတံခါးကိုဖွင့်ဖို့နဲ့ ချစ်ခြင်းမေတ္တာတွေ ဖြစ်စေတဲ့ နေရာဖြစ်ပါတယ်။ Heart chakra ပွင့်သွားပါက စိတ်ဂနာမငြိမ်ဖြစ်တာ ပူပန်တာတွေလျော့ပါးစေတယ်။ မကောင်းမြင်အတွေးတွေ လျော့နည်းလာပြီး တစ်ပါးသူအပေါ် စာနာနားလည်မှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။၊ အစိမ်းရောင်ရှိတဲ့ Aventurine, Moss Agate၊ မြ၊ ကျောက်စိမ်း၊ diopside၊ ဖရဲအူစိမ်းနဲ့ ပန်းနုရောင် သူယောင်ကျောက်၊ Morganite ကျောက်တို့ဟာ Heart chakra ကို အားကောင်းစေပါတယ်။

၅။ Throat Chakra (အပြာရောင်) 💙

လည်ပင်းသိုင်းရွိုက်ဂလင်းနေရာ ဖြစ်ပါတယ်။ လည်ပင်း၊ မေးရိုး၊ အဆုတ်၊ အသံ၊ စကားပြောခြင်းတို့နဲ့ သက်ဆိုင်ပါတယ်။ လူအများနဲ့ ပြောဆိုဆက်ဆံမှုတိုးတက်ကောင်းမွန်စေဖို့ မြပြာ၊ kyanite, မွန်းစတုံး၊ အိုပယ်၊ ဒုတ္တာ၊ တာကွိုက်၊ blue topaz နဲ့ နီလာတို့က အထောက်အကူပြုတယ်လို့ ဆိုပါတယ်။

၆။ Third Eye Chakra (ခရမ်းပြာ) 💜

နှာခေါင်းရင်း၊ မျက်လုံး နှစ်ခုကြားနေရာဖြစ်ပါတယ်။ အမှန်တရားကို သိမြင်နိုင်စွမ်း၊ ဆဌမအာရုံလို့ခေါ်တဲ့ အလိုလိုသိစိတ် စိတ်စွမ်းအင်၊ စိတ်ကူးစိတ်သန်းတို့နဲ့ သက်ဆိုင်ပါတယ်။ အာရုံကြောစနစ်၊ မျက်စိ၊ နား၊ နှားခေါင်း၊ သက်ဆိုင်ရာ ကျောက်တွေက ဖလူအိုရိုက် (Fluorite)၊ ဒုတ္တာ၊ ခရမ်းစွဲ တို့ ဖြစ်ပါတယ်။

၇။ Crown Chakra (ခရမ်းရောင်/အဖြူရောင်) 🤍

ဆံစပ်နေရာမှ ဦးခေါင်းပိုင်း ဖြစ်ပါတယ်။ ဦးနှောက်အပေါ်ပိုင်း၊ အာရုံကြောစနစ်တို့နဲ့ သက်ဆိုင်ပါတယ်။ သဘာဝတရာကြီးနဲ့ ဆက်သွယ်နိုင်စွမ်း၊ အတွင်းစိတ်‌ အေးချမ်းမှုနဲ့ ဉာဏ်ပွင့်စေဖို့၊ ဆုံးဖြတ်ချက်တွေ မှန်ကန်စေဖို့ ခရမ်းစွဲ၊ စိန်၊ clear topaz ကျောက်တွေကို အသုံးပြုနိုင်ပါတယ်။

စမ်းချောင်းထဲမှာ စီးဆင်းနေတဲ့ ရေတွေဟာ တစ်နေရာရာမှာ ပိတ်ဆို့သွားရင် ရေစီးဆင်းမှု ရပ်တန့်သွားသလိုပဲ chakra တစ်ခုခု block ဖြစ်သွားတဲ့အခါ ကိုယ်ခန္ဓာမှာ Energy စနစ်မှာ ပျက်ယွင်းသွားတတ်ပါတယ်။ ဒါကြောင့် Energy flow တွေ မှန်ကန်စေဖို့ ကြိုးစားကြရတာဖြစ်ပါတယ်။ ချက်ကရာ စွမ်းအင်များ ညီညွှတ်မျှတပြီး စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

Leave a Reply